“ကြင်နာသူအတွက်ရေးတဲ့ကဗျာ”
ငါကိုယ်တိုင်တခုတ်တရဖန်ဆင်းအပ်တဲ့
ဖန်လုံအိမ်ကျောက်စာတစ်ချပ်အား
အဖြူထည်အလွမ်းငွေ့ငွေ့နှင့်အတူ
ချစ်သူထံဆက်သလိုပါ၏……
နှင်းဆီရိုင်းတွေကခုန်တဲ့
မျှော်လင့်ခြင်းအလင်းသဲ့သဲ့ညမှာ
ငါခိုးဝှက်ထားတဲ့မင်းပုံရိပ်တွေနဲ့
အိပ်မက်ကိုတန်ဆာဆင်မယ်
ချစ်သူရယ်…
ပြန်မ ဆုံနိုင်မယ့်ပျံသန်းခြင်းအတွက်တော့
အတောင်ပံတွေမဖြန့်လိုက်ပါနဲ့။
နင်အိပ်စက်ရာခန်းဆောင်ဆီက
အိပ်မက်အလွမ်းထောင်ချီထဲမှာ
ငါကိုယ်တိုင်ပါဝင်ခွင့်ရှိသေးရဲ့လား…….
နေညိုချိန်ရဲ့ရင်ငွေ့နွေးနွေးအောက်
ငါကိုယ်တိုင်ပြာကျလောက်အောင်
ပြင်းရှတဲ့ချစ်ခြင်းတွေနဲ့မင်းကိုလွမ်းတယ်
ကျောက်ခေတ်နံရံပေါ်ကအလွမ်းပြယုဒ်တစ်ခုအဖြစ်
ထိလွယ်ရှလွယ်တဲ့ရင်ဘတ်တစ်စုံရဲ့သတိရခြင်းမှာငါဟာ...မီးကိုစတင်တွေ့ရှိခဲ့တာပါပဲ
ဖန်ဆင်းရှင်ရေ…..
နင့်ကိုစုံမက်တဲ့ချစ်ခြင်းတွေနဲ့ပဲ
ငါ့ကိုယ်ငါပူဇော်နေရင်း
နင်ချော့သိပ်မယ့်တေးသွားအောက်မှာ
တရေးပဲဖြစ်ဖြစ်မှေးစက်ချင်တယ်…။
မျှော်လင့်ခြင်းမီးရုံတွေတောက်လောင်ရှင်သန်ဖို့
မမြင်မကန်းဖြစ်နေတဲ့ငါ့ရင်အကျွမ်းကို
မင်းကောင်းကင်တော်ကအလင်းတစ်ခြမ်းပဲဖြစ်ဖြစ်
ခြွေချပေးလှည့်ပါ…..။
ချစ်ခြင်း၏မှော်ဝင်ကကြိုးတစ်ကွက်အား
အတူတကွဖန်ဆင်းခြင်းအားဖြင့်
နင့်ကိုဘယ်လောက်ချစ်ကြောင်း….
ပြောပြချင်တယ်…….
ပြောပြချင်တယ်…….
ပြောပြချင်သေးတယ်………….။
Tuesday, September 14, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment